Sunday, November 23, 2008

သူငယ်ချင်း

"နားလည်မှု"ဆိုတဲ့
စကားစုလေးက ရေးတော့သုံးလုံးတည်းပါ။ ဒါပေမယ့် လူတွေကို တော်တော်လေး
အကျိုးသက်ရောက်မှုရှိတာပဲနော်၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ သိပ်ချစ်တဲ့
ချစ်သူတွေကြား၊ မိတ်ဆွေ သူငယ်ချင်းတွေကြား စတဲ့ စတဲ့ ဆက်နွယ်မှုတွေထဲမှာ မိဘနဲ့ သားသမီးကြားမှာ လစ်လတ်တဲ့ နားလည်မှုဆိုတာ ပိုပြီး စိတ်ဒုက္ခရောက်စေတယ်လို့ ယူဆပါတယ်။


သိပ်ချစ်ကြလည်း
နားလည်မှုမရှိတော့ လမ်းခွဲရမယ် အသည်းကွဲရမယ် ထွက်ပေါက်ရှိတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားကြား နားလည်မှုမရှိဘူး အလုပ်ထွက်ရမယ် လတ်တလော
အလုပ်လက်မဲ့ ဖြစ်တော့မယ်။ ဒါလဲ ထွက်ပေါက်ရှိသေးပါတယ်။

မိဘနဲ့သားသမီးကြားက
လိုအပ်နေတဲ့ နားလည်မှုလေး လစ်ဟာနေတော့ မိသားစုထဲမှာ စကားတွေ အချေအတင်
ပြောနေရတယ်၊ မိဘနဲ့ သားသမီးဆိုတော့ စကားတွေထဲက တချို့ကို
မျိုချပစ်လိုက်ရတာမျိုးတွေ ရှိနေပြန်ရော၊ ထွက်ပေါက်မဲ့နေသလိုဖြစ်နေတဲ့
ဒီနယ်ပယ်လေးမှာ ဘယ်လို အသက်ရှူရမလဲ၊ ဘာတွေကို လက်လွှတ်ပစ်ရမလဲ၊ ပြီးတော့
ဘယ်လိုသီအိုရီတွေသုံးပြီး ဒီပုစ္ဆာကြီးကို အဖြေရှာရမလဲ၊


မေတ္တာတရားတွေလောက် မကြီးမားပေမယ့် နားလည်မှုဆိုတာလေးက မေတ္တာတရားထက်ပိုပြီး အချိန်တိုင်းနီးပါးမှာ အစွမ်းထက်ပါတယ်၊ ပိုပြီးလိုအပ်နေပါတယ်၊ အမြင်မတူ
အတွေးမတူတဲ့ လူ့အသိုင်းအ၀ိုင်းလေးထဲမှာ တစ်ဦးတစ်ယောက်ချင်းစီက
တတ်နိုင်သလောက် နားလည်မှု ဆိုတဲ့ ဟင်းခတ်မှုန့်လေးသာ
ကိုယ်စီထည့်လိုက်မယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းဆိုတဲ့
ထမင်းစားဝိုင်းကြီးမှာ ရှင်သန်မှုဆိုတဲ့ ဟင်းခွက်လေးတွေက
ပိုပြီးအရသာရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီ့
ဟင်းခတ်မှုန့်လေးကို လူတိုင်း လူတိုင်း အသုံးပြုစေချင်လိုက်တာနော်။

No comments: